18/05/2021
ကျွန်ပညာရေးဆိုသည်မှာ
------------------------------
လူကို ကျွန်ဟု ခေါ်ကြည့်ပါ။ မည်သူမျှမကြိုက်
"ကျွန်" ဆိုသည်မှာ အဘယ်နည်း
ကျွန်ဆိုသည်မှာ အပိုင်သိမ်းထားပြီး၊ သူအလိုရှိသလို ခိုင်းစေသည်ကို ကျိုးနွံစွာ လိုက်နာဆောင်ရွက်ရသူဆိုသည့် အဓိပ္ပာယ်ဖြင့်သာ အများက နားလည်ထားကြသည်။
ထို့ကြောင့် မည်သူ့ကိုမျှ ကျွန်ဟုခေါ်လျှင်မကြိုက်
ဒီမိုကရေစီခေတ်တွင် ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ပြန်မပြောရ နားထောင်ကြဆိုသည့် သဘောတရားတွေကို ပြည်သူတွက လက်မခံ။ ထို့ကြောင့် အမိန့်နှင့်ချုပ်ကိုင်ပြီး လူပါးဝကာ ထင်ရာလုပ်ချင်သည့် အမိန့်ပေးလူတန်းစားကို ပြည်သူက မုန်းတီးလာသည်။ ပြည်သူက အမိန့်နှင့်ချုပ်ကိုင်၍ လက်တွင် သေနတ်ကိုင်ပြီး အာဏာကိုထင်သလိုလုပ်မည်ဆိုလျှင် ပိုပြီး ရွံရှာလာကြသည်။ ထို့ကြောင့်လည်း ထိုသို့သော လူစားတွေကို မဆက်ဆံချင်၊ မနာခံချင်၊ မကြည့်ချင်၊ မပြောချင်ဖြစ်လာရသည်။
ဆရာ တက္ကသိုလ်ဘုန်းနိုင်၏ "သူ့ကျွန်မခံပြီ" ဆိုသည့် အသုံးကို သတိပြုမိကြမည်ထင်ပါသည်။ သူ့ကျွန်မခံဆိုသည်မှာ အုပ်ချုပ်သူလူတန်းစားကို မကြိုက် သောကြောင့် တော်လှန်သည့် သဘောလည်းဆောင်နေသည်။
"ကျွန်" ဆိုသည့် စကားကို မနှစ်မြို့ခြင်း၊ မကြိုက်ခြင်းဆိုသည့် သဘောတွေနှင့်လည်း တွဲနေသည်။
မြန်မာအဘိဓာန်တွင်လည်း (ကျွန်) ဆိုသည်ကို (သူတစ်ပါး၏ စိုးပိုင်စေခိုင်းခြင်းကို ခံရသူ) ဟုဖွင့်ဆိုပါသည်။
"ကျွန်မခံ" ဆိုသည်မှာ စိုးပိုင်စေခိုင်းခြင်းကို မခံဆိုသည့် သဘောလည်း သက်ရောက်သည်။
ကိုယ်မကြိုက်သူ၊ မနှစ်သက်သူ၊ မုန်းသူထံတွင် ကျွန်မခံဘူးဆိုခြင်းမှာ လူတစ်ဦးချင်းစီ၏ ခံယူချက်နှင့် ရွေးချယ်ချက်သာဖြစ်သည်။ ထိုသို့ရွေးချယ်ပိုင်ခွင့်ရှိသော ခေတ်လည်းဖြစ်လာသည်။
၁၉၂၀ ဒီဇင်ဘာလ ၁၂ ရက်နေ့က ရွှေတိဂုံဘုရားပေါ်တွင် သပိတ်မှောက်နေသော သပိတ်မှောက် ကျောင်းသားများကို Colonel Wedgwood က သွားတွေ့သည်။ သူ ကျောင်းသားတွေကို ပြောသွားသည့် စကားထဲတွင်
"ကျောင်းသားလူငယ်များကို အတတ်ပညာသင်ပေးခြင်း မည်သည်မှာ ထိုသူငယ်များ၏ စိတ်တွင်းရှိ ဉာဏ်များကို သိရအောင်ဆွဲယူ၍ ထိုသူငယ်များသည် နောင်လူလား မြောက်လာသောအခါတွင် အခြားသူများကို အားမကိုးဘဲ၊ အခြားသူများ၏ သဘောအတိုင်း မလိုက်နာဘဲ၊ မိမိကိုယ်ကိုသာလျှင် မိမိတို့ အားထားသော သဘောထားရှိစေရန်" သင်ကြားပေးသင့်ကြောင်း တွေ့ရသည်။
ကိုယ့်အားကိုယ်ကိုး ကိုယ်ပိုင်အတွေးဖြင့် လူလားမြောက်စေသည့် ပညာရေးကို သခင်ပညာရေးဟု ခေါ်သည်။
အမိန့်ပေးတာနာခံ၊ ခိုင်းတာလုပ်၊ မှားတာ မှန်တာ မင်းတို့အလုပ်မဟုတ် ဆိုသည့် ပညာရေးမှာ ကျွန်ပညာရေးဖြစ်သည်။
ပြန်မပြော နားထောင်သည့် မှန်ပါ့ဘုရား လက်အုပ်ချီ ဆရာများ၊ ကျောင်းသားများကိုသာ မွေးထုတ်နေဦးမည့် ပညာရေးသည် ကျွန်ပညာရေး ဖြစ်သည်။
ထိုပညာရေးမျိုးကို ပြန်လည်သင်ကြားပေးနေဦးမည့် အခိုင်းခံ၊ အစေခံ၊ အမိန့်နာခံနေကြသော "မှန်ပါ့ဘုရား" ဆရာ၊ ဆရာမများလက်သို့ အနာဂတ်လူငယ်များကို မအပ်မိစေရန် အသိနှင့် သတိရှိခြင်းသည် ကျွန်ဘဝက လွတ်မြောက်လိုသောစိတ်ဓာတ်ဖြစ်သည်။
ကာနယ် ဝက်ဂျ်ဝုဒ်က ဆက်ပြောသည်
"စစ်မှန်သောပညာရေးဆိုသည်ကား လူ့ဂုဏ်အင်္ဂါနှင့် ပြည့်စုံသူများကို မွေးထုတ် ပေးခြင်းဖြစ်ပြီး၊ အတုအယောင်ပညာရေးဆိုသည်ကား တပါးသူတို့အတွက် အစေခံများကို မွေးထုတ်ပေးခြင်းဖြစ်သည်" ဟုဆိုခဲ့သည့်စကားမှာ ကျွန်ပညာရေးကို အကောင်းဆုံး အဓိပ္ပာယ် ဖော်ဆောင်ချက် ဖြစ်ပါသည်။
မတရား အသုံးချရန် ထမ်းပိုးကျင့်ပေးသည့် နွားဘဝမရောက်စေရေးအတွက် မိဘတိုင်းတွင် တာဝန်ရှိသည်။ သူတော်ကောင်း သူမြတ်လောင်း ဆရာသမား တိုင်းတွင် တာဝန်ရှိသည်။
လွတ်လပ်သော၊ မျှတသော၊ ညီညွတ်သော၊ မခွဲခြားသော၊ တွေးတောဆင်ခြင် ကြံဆတတ်သော၊ ပြန်ပြောစရာရှိလျှင် ပြန်ပြောတတ်သော၊ စဉ်းစားဆင်ခြင်တတ်သော၊ အမိန့်တိုင်း နာခံစရာမဟုတ် နာခံသင့်မှ နာခံမည်ဟု အမြင်ရှိသော အနာဂတ်သားကောင်းများကို မွေးထုတ်နိုင်မည့် ပညာရေးကို မိဘတိုင်း၊ ဆရာတိုင်း လိုလားပိုင်ခွင့်ရှိသည်။ တောင်းဆိုပိုင်ခွင့်ရှိသည်။ သင်ကြားနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ခွင့်ရှိသည်။
မျက်စိမှိတ် မှေးလိုက် သူ့အကြိုက်ပညာရေးတွင် သာယာနေလျှင် ပေးတာယူ၊ ကျွေးတာစား၊ ခိုင်းတာလုပ် ကျွန်ပညာရေးဖြင့် နွံဆက်နစ်မည်။
ကာနယ် ဝက်ဂျ်ဝုဒ်က ၁၉၂၀ တွင် ပြောသွားသည့်စကားမှာ နှစ်ပေါင်း ၁၀၀ ကျော်ပါပြီ။ ယနေ့တိုင် ခေတ်မီနေသေးသည်ကို တွေးဆဆင်ခြင်စရာဖြစ်သည်။
ငါတို့သားသမီး ဘာပညာပေးမည်နည်းဆိုခြင်းကို မိဘတိုင်း ရွေးချယ်ပိုင်ခွင့် ရှိနိုင်ရမည်။
(ကိုးကား - မြန်မာစကားအဖွင့်ကျမ်း၊ ဥိးဖိုးလတ်။ အမျိုးသားနေ့နှင့် အမျိုးသား ပညာရေးလှုပ်ရှားမှုသမိုင်းအကျဉ်း၊ အမျိုးသားနေ့ ရွှေရတုအထူးထုတ်)
တင်ညွန့်
၁၆-၅-၂၀၂၁