11/06/2026
"ဈေးဝယ်ဖို့ ဈေးမေးစို့"
ဈေးဝယ်သူတိုင်း ဈေးမေးကြပါတယ်။ ဒါပေမယ့် ဈေးမေးသူတိုင်း က ဈေးဝယ်တာ မဟုတ်ဘူး။ ဒါကြောင့် ဈေးရောင်းချင်ကြတဲ့ အရောင်းသမားတွေ ဟာ ဈေးမေးသူတွေကို စိတ်ရှည်ရှည်နဲ့ သေသေချာချာ ရှင်းပြဖို့ လိုတယ်။
ဒီအယူအဆကို စီးပွားရေးနဲ့ စိတ်ပညာရှုထောင့်ကနေ အချက် (၃) ချက်နဲ့ ကြည့်ရအောင်-
- Window Shopper (ဈေးလည်သူ) မှသည် Brand Advocate သို့
ဈေးမေးပြီး မဝယ်သေးတဲ့သူတွေဟာ အခုလောလောဆယ်မှာ "ဝယ်လိုအား အစစ်အမှန်" (Effective Demand) မဖြစ်သေးတာပဲ ရှိတာပါ။ သူတို့ဆီမှာ စိတ်ဝင်စားမှု (Interest) ရှိလို့သာ လာမေးကြတာ ဖြစ်ပါတယ်။ ဒီလိုလူတွေကို စိတ်ရှည်လက်ရှည် ရှင်းပြလိုက်တဲ့အခါ သူတို့ဟာ နောင်တစ်ချိန်မှာ ဝယ်ဖို့ အလားအလာအရှိဆုံး Potential Customers တွေ ဖြစ်လာကြပါတယ်။
သူတို့ကိုယ်တိုင် မဝယ်ဖြစ်ရင်တောင် တခြားသူကို လမ်းညွှန်ပေးမယ့် Referral Providers (သို့) Brand Advocates တွေ ဖြစ်သွားတတ်ပါတယ်။
- Customer Lifetime Value (CLV) ကို တည်ဆောက်ခြင်း
ကျွမ်းကျင်တဲ့ အရောင်းသမား (Sales Professional) တစ်ယောက်ဟာ တစ်ကြိမ်တစ်ခါတည်း ရောင်းရမယ့် Transactional Sales ထက် ရေရှည်လက်တွဲသွားမယ့် Relationship Sales ကို ပိုတန်ဖိုးထားကြပါတယ်။
ဈေးမေးတုန်းမှာ ရသွားတဲ့ "နွေးထွေးမှုနဲ့ စိတ်ရှည်မှု" ဟာ ဝယ်သူရဲ့ စိတ်ထဲမှာ Customer Experience ကောင်းတစ်ခုအနေနဲ့ ကျန်ရစ်ခဲ့ပြီး နောင်တစ်ချိန်မှာ ပြိုင်ဘက်တွေကြားကနေ ကိုယ့်ကိုပဲ ပြန်ရှာပြီး ဝယ်ယူစေမယ့် အကြောင်းရင်း ဖြစ်လာပါတယ်။
- Funnel သဘောတရား
Marketing သဘောတရားအရလည်း အပေါ်ဆုံးအလွှာဖြစ်တဲ့ Awareness & Consideration အဆင့်မှာ လူ ၁၀၀ မေးရင် အောက်ခြေ Action (Purchase) အဆင့်မှာ ဝယ်ယူသူက ရာခိုင်နှုန်းတစ်ခုပဲ ရှိတာ သဘာဝပါ။ ဈေးမေးသူတိုင်းကို စိတ်မရှည်ဘဲ တွန်းထုတ်မိရင် Funnel ထဲကို လူအသစ်ဝင်လာဖို့ လမ်းကြောင်းကို ပိတ်လိုက်သလို ဖြစ်သွားပါလိမ့်မယ်။
"ဝယ်သူသည် ဘုရင်" ဆိုတဲ့ စကားက မမှားပါဘူး။ တစ်ခုထပ်တိုးရအောင်…..
"ဈေးမေးသူသည် အနာဂတ်ရဲ့ ဝယ်သူ" ဆိုတဲ့ ခံယူချက်နဲ့ ရှင်းပြနိုင်တဲ့ အရောင်းသမားတွေဟာ ရေရှည်မှာ ဈေးကွက်ကို စိုးမိုးနိုင်ကြပါလိမ့်မယ်။
ချစ်ခင်လှစွာဖြင့်
ကောင်းလွန်း (၁၁.၀၆.၂၀၂၆)