06/03/2026
အခုဆို ဖုန်းအခွန်ကိစ္စတွေကြောင့် "IMEI" ဆိုတဲ့ စကားလုံးကို ခဏခဏ ကြားနေရမှာပါ။ ဒါပေမဲ့ သာမန်ဖုန်းသုံးသူ တစ်ယောက်အနေနဲ့ "IMEI ဆိုတာ ဘာကြီးလဲ၊ ငါ့ဖုန်းထဲက Data တွေများ ခိုးကြည့်လို့ရသွားမလား" ဆိုပြီး စိုးရိမ်နေသူတွေ ရှိနိုင်ပါတယ်။
ဒါကြောင့် နည်းပညာနားမလည်သူတွေပါ အလွယ်တကူ သဘောပေါက်သွားစေမယ့် IMEI အကြောင်း Knowledge Sharing လေးကို မျှဝေပေးလိုက်ပါတယ်။
ဖုန်းတိုင်းမှာပါတဲ့ လျှို့ဝှက်နံပါတ် "IMEI" ဆိုတာ တကယ်တော့ ဘာကြီးလဲ? 🤔📱
လွယ်လွယ်ပြောရရင် IMEI (International Mobile Equipment Identity) ဆိုတာ သင့်ဖုန်းရဲ့ "မှတ်ပုံတင်ကတ်ပြား" ပုံစံပါပဲ။
ဖုန်းစက်ရုံကနေ ထွက်လာကတည်းက ဖုန်းတစ်လုံးချင်းစီအတွက် မတူညီတဲ့ ဂဏန်း (၁၅) လုံးနဲ့ သတ်မှတ်ပေးလိုက်တဲ့ သီးသန့် ID ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ သင့်ဖုန်းရဲ့ IMEI နံပါတ်နဲ့ တူတဲ့ဖုန်း နောက်ထပ် လုံးဝမရှိပါဘူး။
Dual SIM (ဆင်းမ်ကတ် ၂ ကတ်စိုက်လို့ရတဲ့) ဖုန်းတွေမှာတော့ "မှတ်ပုံတင် ၂ ခု" ရှိတဲ့သဘောမို့ IMEI ဂဏန်းအရှည်ကြီး (၂) စုံ ပါဝင်ပါတယ်။
📌 IMEI ကို ဘာအတွက် သုံးတာလဲ?
ကောင်းကျိုးတွေအနေနဲ့ကတော့
၁။ ပျောက်ဆုံး/အခိုးခံရရင် ပိတ်ပစ်လို့ရတယ်။
သင့်ဖုန်း ပျောက်သွားတဲ့အခါ ရဲနဲ့ အော်ပရေတာကို တိုင်ချက်ဖွင့်ပြီး အဲ့ဒီ IMEI ကို Block (ပိတ်) ခိုင်းလို့ရပါတယ်။ ပိတ်လိုက်ရင် သူခိုးက ဖုန်းကို Format ချပြီး ဆင်းမ်ကတ်အသစ် ထည့်သုံးရင်တောင် ဖုန်းလိုင်းပေါ်လာမှာ မဟုတ်တော့ပါဘူး။
၂။ စစ်မှန်မှု အာမခံချက် (Quality Check)
တစ်ပတ်ရစ်ဖုန်း ဝယ်တဲ့အခါ ဖုန်းဘူးခွံမှာ ရေးထားတဲ့ IMEI နဲ့ ဖုန်းထဲက IMEI တိုက်ကြည့်ပြီး ဖုန်းအစစ်/အတု၊ ဖုန်းခွံ လဲထားတာ ဟုတ်/မဟုတ် အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။
🛑 IMEI သိရုံနဲ့ ငါ့ဖုန်းကို ဟက် (Hack) လို့ရလား?
အဖြေကတော့ လုံးဝ မရပါဘူး။
IMEI ဟာ Hardware (ဖုန်းစက်ကြီး) ရဲ့ နံပါတ်သက်သက်ပါ။ အဲ့ဒီနံပါတ်ကို သိရုံနဲ့ သင့်ဖုန်းထဲက ဓာတ်ပုံတွေ၊ Facebook တွေ၊ Bank Account တွေနဲ့ Chat History တွေကို လှမ်းကြည့်လို့၊ ယူလို့ လုံးဝ မရပါဘူး။ သင့်ဖုန်းကို အဝေးကနေ Virus သွင်းတာမျိုးလည်း လုပ်လို့မရပါဘူး။
⚠️ ဒါဆို ဘာလို့ လျှို့ဝှက်ထားရမလဲ? လူမြင်ကွင်းကို ဘာလို့ ချမပြသင့်တာလဲ?
သာမန်လူတွေက သင့် IMEI ကိုသိရုံနဲ့ ဘာမှလုပ်လို့မရပေမဲ့ ကျွမ်းကျင်တဲ့ မသမာသူတွေသိသွားရင်တော့ ဆိုးကျိုး (၂) ချက် ရှိလာနိုင်ပါတယ်။
၁။ IMEI Cloning (ခိုးယူပွားယူခြင်း)
Hacker တွေက သင့်ရဲ့ တရားဝင် IMEI နံပါတ်ကို ခိုးယူပြီး အခွန်မဆောင်ထားတဲ့ တခြား မှောင်ခိုဖုန်းတစ်လုံးမှာ "Clone" (ကူးယူ) လုပ်ပြီး သုံးပစ်နိုင်ပါတယ်။ အဲ့ဒီအခါ Network ပေါ်မှာ IMEI တစ်ခုတည်းက ဖုန်းနှစ်လုံး ဖြစ်နေပြီး သင့်ဖုန်းက အတုကြီးလိုဖြစ်ကာ လိုင်းပိတ်ခံရတာမျိုး ကြုံလာနိုင်ပါတယ်။
၂။ Location ခြေရာခံခံရနိုင်ခြင်း
အော်ပရေတာ (ဖုန်းလိုင်းကုမ္ပဏီ) တွေက သင့် SIM Card နဲ့ IMEI ကို တွဲသိသွားရင် သင်က ဘယ်မြို့၊ ဘယ်ရပ်ကွက်က တာဝါတိုင်နားမှာ ရှိနေတယ် (Location) ဆိုတာကို ခန့်မှန်းလို့ ရသွားနိုင်ပါတယ်။
အနှစ်ချုပ် အကြံပြုရရင်တော့
ကိုယ့်ဖုန်းရဲ့ IMEI ကို သိချင်ရင် ဖုန်းခေါ်တဲ့နေရာမှာ * #06 # လို့ ရိုက်နှိပ်ပြီး အလွယ်တကူ ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီနံပါတ်တွေကို Screenshot ရိုက်ပြီး Social Media ပေါ်မှာ Public တင်တာ၊ Comment မှာ ဝင်ရေးတာမျိုး လုံးဝ (လုံးဝ) မလုပ်ဖို့ အထူးသတိထားပါ။
IMEI နဲ့ပတ်သက်ပြီး မသိသေးတဲ့သူတွေ ပိုပြီးနားလည်သွားကြဖို့ ရည်ရွယ်ပါတယ်။
တခြားသူတွေလည်း များများသိရအောင် Share လုပ်သွားပါဦးနော်။