11/08/2026
နည်းပညာတက္ကသိုလ်(တောင်ကြီး)၌ ပအိုဝ်းမောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ နောက်ဆုံးနှစ်ကျောင်းသား၊သူများ နှုတ်ဆက်ပွဲနှင့် ဆုပေးအပ်ပွဲ၊ပညာသင်ဆုပေးအပ်ပွဲ ကျင်းပ
===================================
တောင်ကြီး၊ ဩဂုတ် ၉ရက်၊ ၂၀၂၆-ခုနှစ်၊
နည်းပညာတက္ကသိုလ်(တောင်ကြီး) ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့က ကြီးမှူးကျင်းပသည့် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ပအိုဝ်းမောင်မယ်သစ်လွင်ကြိုဆိုပွဲ၊ နောက်ဆုံးနှစ်ကျောင်းသား၊သူများ နှုတ်ဆက်ပွဲ၊ ထူးချွန်ဆုနှင့် ပညာသင်ဆုများ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(တောင်ကြီး)၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာတာဝန်ရှိသူ များ၊ နည်းပညာတက္ကသိုလ်(တောင်ကြီး) ပါမောက္ခ ချုပ် ဒေါက်တာ ခင်ထိုက်ထိုက်လွင်၊ ဆရာ၊ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားကို ဧည့်သည်တော်များ ရောက်ရှိနေရာယူခြင်းဖြင့် စတင်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုး သားအလံတို့အား အလေးပြုခြင်း၊ နည်းပညာတက္ကသိုလ်(တောင်ကြီး)ရှိ ပအိုဝ်းကျောင်းသား၊ကျောင်းသူများက ပအိုဝ်းတေးသီချင်းများဖြင့် ဧည့်သည်တော်များအား ကြိုဆိုနှုတ်ခွန်းဆက်သီဆိုဖျော်ဖြေခြင်းတို့ ပြုလုပ်ခဲ့သည်။
ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ဆုံးမဩဝါဒစကားပြောကြားပေးခဲ့ပြီး၊ နည်းပညာတက္က သိုလ်(တောင်ကြီး) ပါမောက္ခချုပ် ဒေါက်တာခင်ထိုက်ထိုက်လွင် မှ အဖွင့်အမှာစကား ပြောကြားပေးခြင်းနှင့် တောင်ကြီးမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် အမှတ်(၁) ဆရာခွန်ကြည်က အားပေးတိုက်တွန်းအမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။
ယင်းနောက် နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးနှင့် ပထမနှစ်ကျောင်းသားတစ်ဦးတို့က ကျေးဇူး
တင်စကားများ ပြောကြားခဲ့ပြီး “ထုံမောင်းယို၊ယား” အကဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဆက်လက်၍ ထူးချွန်ဆုများ ချီးမြှင့်ခြင်း၊ ပညာ သင်ဆုများ ပေးအပ်ခြင်းနှင့် လက်ဆောင်များ ပေးအပ်ခြင်းတို့ကို ပြုလုပ်ခဲ့ပြီး Pa-O Culture & Fashion Show ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ထို့နောက် ဧည့်သည်တော်များနှင့် ပအိုဝ်းကျောင်းသား၊ကျောင်းသူများ စုပေါင်း၍ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အခမ်းအနား၏ ဒုတိယပိုင်းကို မွန်းလွဲ ၁ နာရီမှ စတင်ခဲ့ပြီး ပအိုဝ်းတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့(ဗဟို)၊ နည်းပညာတက္ကသိုလ်(တောင်ကြီး)ရှိ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအပါအဝင် တက္ကသိုလ်နှင့် ပညာရေးအဖွဲ့အစည်းအသီးသီးမှ ကျောင်းသား၊ကျောင်းသူများက အကအလှနှင့် တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ထို့အပြင် နောက်ဆုံးနှစ်ကျောင်းသား၊ကျောင်းသူများ၏ နှုတ်ဆက်ပွဲအစီအစဉ်၊ King & Queen Show ရလဒ်ကြေညာခြင်းတို့ကိုလည်း ထည့်သွင်းကျင်းပခဲ့သည်။
အခမ်းအနားတွင် ဆေးတက္ကသိုလ်(တောင်ကြီး)၊ ကွန်ပျူတာတက္ကသိုလ်(တောင်ကြီး)၊ တောင်ကြီးတက္ကသိုလ်၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ(တောင်ကြီး)၊ ပညာရေးအဖွဲ့အစည်းများမှ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ နှင့် နည်းပညာတက္ကသိုလ်(တောင်ကြီး) ရှိ စာပေအနုပညာအသင်း၊ ရှမ်းစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ အင်းသားစာပေနှင့်ယဥ်ကျေးမှုအဖွဲ့၊ ဓနုစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ တောင်ရိုးစာပေနှင့်ယဥ်ကျေးမှုအဖွဲ့ တို့ကလည်း ပါဝင်ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသည် ပအိုဝ်းကျောင်းသား၊ကျောင်းသူများအကြား အချင်းချင်းရင်းနှီးချစ် ကြည်မှု တိုးမြှင့်စေရန်၊ ပအိုဝ်းစာပေယဉ်ကျေးမှုနှင့် ရိုးရာအနုပညာများကို ထိန်းသိမ်းမြှင့်တင်နိုင်ရန်၊ ကျောင်းသား၊ကျောင်းသူများ၏ ပညာ ရေးထူးချွန်မှုများကို ဂုဏ်ပြုအားပေးရန်နှင့် အသစ်ဝင်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများအား နွေးထွေးစွာကြိုဆိုနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။
#အနယ်ꩻပညာႏတက္ကသိုလ်ႏတောင်ႏကီꩻ
#ပအိုဝ်ႏလိတ်လုဲင်ꩻတွမ်ႏယေန်ႏငဲးရေꩻ စွိုꩻ