02/09/2023
❝GED နှင့်ပတ်သက်သမျှ ဆိုင်ရာ အမေးအဖြေများ❞
▣ 2023 နောက်ပိုင်း ပိုသတိထားမိတာက GED ကို ပြောင်းလဲပြင်ဆင်ကြတဲ့ ကလေးအများစုမှာ Grade 8, Grade 9, Grade 10 အရွယ်တွေ တဖြည်းဖြည်း ပိုများလာတယ်။ (နယ်ဘက်က တချို့မိဘတွေဆိုရင် ကလေးက ၄တန်းအောင်၊ ၅တန်းအောင်ထားပါတယ်၊ ကျွန်တော်ကျွန်မတို့ ကလေးကို GED ဖြေဖို့သင်ပေးလား၊ ပြင်ဆင်ပေးပါလား ဆိုတာမျိုးတွေလည်း မေးလာကြတယ်။)
▣ ဖြစ်နိုင်ရင်တော့ ကလေးတွေရဲ့ အသက်အရွယ်နဲ့ လိုက်လျောညီထွေရှိနိုင်မယ့် ပညာရေးနောက်ခံ ခိုင်ခိုင်မာမာရှိထားဖို့ပါ။ အကြောင်းကြောင်းကြောင့် မရှိထားရင်တောင် English, Maths, Science ဘာသာရပ်တွေကို မျက်ခြေလုံးဝမပျက်အောင် မိဘများဘက်က သင်ကြားနိုင်ရန် စီစဉ်ပေးဖို့ လိုပါတယ်။
▣ ညီတွေ၊ ညီမတွေအနေနဲ့ကလည်း မြန်မာကျောင်း (စနစ်ဟောင်း)အနေနဲ့ ၈တန်းလောက် မပြီးထားသေးရင် GED ကို အလောတကြီး ဖြေဆိုဖို့ သင်တန်းတက်တာတွေ၊ ဖြေဆိုတာတွေ မလုပ်စေချင်ပါ။ GED သည် ကာလတိုအတွင်း အထက်တန်းပညာရေးနဲ့ ညီမျှတဲ့လေ့လာသင်ကြားမှုကို အသားပေးတဲ့ဘက်ကိုသွ ားရတာကြောင့် ဘာသာရပ်တချင်းစီက အကြောင်းအရာအလိုက်ပေးချင်တဲ့ တန်ဖိုးတွေ၊ အနက်အဓိပ္ပါယ်တွေကို ကြက်တူရွေးနှုတ်တိုက် လိုက်ကျက်မှတ်ပြီး ဝင်ဖြေရင်လည်း မိမိလိုချင်တဲ့ ရမှတ်မရနိုင်ပါ။
▣ တချို့ကလည်း GED ဖြေပြီးရင် နိုင်ငံတကာဆေးကျောင်းတွေ လျှောက်လို့မရနိုင်ဘူးလား။ UK, Australia, Europeက ဆေးတက္ကသိုလ်တွေမှာ ဆေးပညာကို Full Scholarship နဲ့တက်ချင်လို့ပါ။ ပြည်တွင်း/ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်လို့ရမလားဆိုတာမျိုးတွေ၊ MEXT, GKS စတဲ့ စကေားလားရှစ်ကို GED နဲ့ လျှောက်လို့ရပြီလားဆိုတာမျိုးတွေ ပညာသင်ဆု Groupအများမှာ လည်း မေးမြန်းကြလေ့ရှိတယ်။
▣ ညီတွေ၊ ညီမတွေနဲ့ မိဘများကို GEDအတွက် အရပ်စကားနဲ့ဥပမာပေးရရင်တော့ (၉၆)ပါး သက်သာပျောက်ကင်းစေနိုင်သော ပြီးပြည့်စုံတဲ့ ပညာရေးလက်မှတ်တခုအဖြစ် မထင်မြင်စေလိုပါ။ အားသာချက်၊ အားနည်းချက်ဆိုတာ GED တခုမှမဟုတ်ဘဲ ပညာရေးဆိုင်ရာ လက်မှတ်တိုင်း၊ အရာတိုင်းမှာ အနည်းနဲ့အများ ရှိပါတယ်။
▣ GED အပြီး တက္ကသိုလ်တွေ ဆက်ပြီးလျှောက်ထားတဲ့အခါမှာလည်း ကိုယ့်အနေနဲ့ ဝင်ခွင့်ရဖို့ အနည်းနဲ့အများအခက်အခဲ တွေ့ကြုံလာကြရနိုင်တယ်။ အနီးဆုံး ဥပမာပေးရရင်။ ဒီနှစ်ထဲမှာ KMUTT, Kasetsart University (KU)တို့မှာ CS/Software, Architecture, Civil Engineering, Mechanical Engineering လျှောက်ထားခဲ့တဲ့ GED ကျောင်းသားအများစုဆိုရင် သူတို့ရဲ့ ကျောင်းသားဖြစ်လာဖို့ သင့်တော်မှုရှိ၊မရှိ Interviewမှာ ကျောင်းသားရဲ့ personality, academic ထူးချွန်မှုအပြင် ကိုယ်လျှောက်ထားတဲ့ဘာသာရပ်နဲ့ ပတ်သက်ပြီး အခြေခံဘယ်လောက်အတိုင်းအတာ လေ့လာထားလဲဆိုတာမျိုးတွေကို သေသေချာချာ မေးမြန်းအကဲခတ်ပြီးမှ ကျောင်းဝင်ခွင့်ပေး၊မပေးဆိုတာမျိုးတွေ ဆုံးဖြတ်လာကြတာမျိုး ကြားသိမြင်လာရတယ်။
▣ GED ဖြေမယ့်ညီတွေ၊ ညီမတွေအနေနဲ့ တက္ကသိုလ်ရောက်တဲ့အခါမှ တက္ကသိုလ်တွေရဲ့ စာသင်ကြားမှုပုံစံကွာဟမှု၊ ပညာရပ်ဆိုင်ရာ အခြေခံအားနည်းမှု၊ ဘာသာစကားအခက်အခဲကြောင့် Presentation, Assignments, Assessments, Projectsတွေမှာ ထိထိရောက်ရောက် မရှင်းပြ မလုပ်ဆောင်နိုင်တာတွေဖြစ်လာရင် တန်ဖိုးရှိတဲ့အချိန်နဲ့ ငွေကြေးတွေ အဟောသိကံဖြစ်နိုင်ပါတယ်။
▣ GED ကလည်း အထက်တန်းပညာရေးပြီးစီးကြောင်း လက်မှတ်တခုပေမယ့် GCE A level, International Baccalaureate (IB) Diploma, OSSD, ACT-GAC, Advanced Placement (AP) တို့လို နိုင်ငံတကာက တက္ကသိုလ်အများစုမှာ Secondary School ပညာရေးပြီးစီးမှုအနေနဲ့ သတ်မှတ်ထား အများအသိအမှတ်ပြုတဲ့ Grade 12 လက်မှတ်တွေနဲ့တော့ မနှိုင်းယှဉ်သင့်ပါ။ ဆိုလိုတာ GED နဲ့ ရွေးချယ်နိုင်တဲ့ နိုင်ငံ၊ တက္ကသိုလ်၊ ဘာသာရပ် ကန့်သတ်ချက်အချို့ရှိနိုင်တယ်။
▣ အထက်တန်းပညာရေးအလုံးစုံ မပြီးသေးဘဲ GED စပြင်ဆင်တော့မယ့် ကျောင်းသားတယောက်အနေနဲ့ အနီးစပ်ဆုံး ဥပမာပေးရရင် မြန်မာဆယ်တန်း (စနစ်ဟောင်း)ကျောင်းသားလို Physics, Mathematics, Biology, Chemistryဆိုတာမျိုးတွေကို အသက်အရွယ်အလိုက် သိသင့်တာတွေကို တဆင့်ချင်း တိုးပွားပြီး သင်ကြားဖူးရတာမျိုးမရရှိနိုင်သလို၊ International School Curriculumဘက်မှာဆိုရင် IGCSE O level ကျောင်းသားများနည်းတူ Biology, Chemistry, Business, Physics, Mathematics B, Further Pure Mathematics, Accounting, CS/IT ဆိုတဲ့ ဘာသာရပ်တွေကို သေချာလေး မထိတွေ့ရတော့ ဘာတွေ ပြင်ဆင်ထားရမလဲ မသိတာတွေဖြစ်လာနိုင်ပါတယ်။ (ဆိုလိုတာက။ မြန်မာကျောင်းပညာရေး/အတိုင်းအတာတခုအထိ ကုန်ကျမှုများနိုင်တဲ့ IGCSE တို့လို လက်မှတ်တွေကိုသာ အသုံးဝင်နိုင်တယ်၊ ကောင်းတယ်လို့ မြင်စေချင်တာမဟုတ်ပါ။)
▣ ဒီတော့ မေးစရာရှိတာ ဘယ် Grade 12ပညာရေးလက်မှတ်အကောင်းဆုံးလဲဆိုတာမျိုးထက်စာရင် ပိုအရေးကြီးတာက ကိုယ့်ရဲ့အသက်အရွယ်၊ ပေးနိုင်တဲ့အချိန်၊ Grade 12အတွက် အသုံးပြုမယ့် ကုန်ကျစရိတ်အပြင် after Grade 12 ပညာရေးအတွက် ဆက်ပြီးလျှောက်ထားမယ့် တက္ကသိုလ်၊ ဘာသာရပ်ရွေးချယ်တာ၊ မိသားစုဆက်လက်ပံ့ပိုးမယ့် budgetနဲ့ နိုင်ငံအပေါ်မူတည်ပါတယ်။
▣ တကယ်လို့ ကိုယ်က GED လက်မှတ် + အမှတ်စာရင်း, Passport, English Proficiency Test Result (IELTS/TOEFL/PTE Academic/Duolingo တခု) ဖြေဆိုရရှိထားပြီးတဲ့ ကျောင်းသားဆိုရင် -
1. Thailand (Public/Private),
2. Singapore (Private),
3. Switzerland (Hospitality & Tourism, Culinary Arts Schools),
4. USA (Community Colleges, Public/Private University)
5. Malaysia (Private University) တွေမှာ ပညာဆက်လက်သင်ယူနိုင်သလို တခြားလိုအပ်တဲ့ စာရွက်စာတမ်းပြည့်ပြည့်စုံစုံတင်ပြပေးနိုင်တဲ့ ကျောင်းသားတွေဆိုရင် English-Trackနဲ့ သင်ကြားပေးတဲ့
6. Japan Private Universityအချို့မှာ ပညာဆက်လက်သင်ယူနိုင်တာ ရှိနိုင်ပါတယ်။
▣ ကျောင်းသားအနေနဲ့ကလည်း ပညာရေးရည်မှန်းချက်ကြီးမယ်၊ မိဘတွေဆက်ပြီး ပံ့ပိုးပေးမယ့် Budgetကလည်း အတိုင်းအတာတခုရှိထားမယ်၊ ထူးချွန်လို့ ပညာသင်ဆုအချို့ရည်မှန်းပြီး နိုင်ငံကြီးကိုမှ ရွေးချယ်ချင်တာဆိုရင် GED အပြီး OSSDတို့လို Grade 12 ဒါမှမဟုတ် Foundation တခုခု ဆက်ပြင်ဆင်သွားတာမျိုးက Academic အတွက်ပါ ထိရောက်သင့်တော်ပါတယ်။
▣ ဒါမှမဟုတ် ထိုင်း၊ စင်ကာပူလောက်ဆိုရင်လည်း Business/ Management/ IT/CS/Architecture/Interior Design/Interior Architecture/Engineering ဘက်သွားမယ်ဆိုရင် ပြင်ပမှာ vocational သင်တန်းကျောင်းတွေက သင်ကြားပေးတဲ့ certificate ရရုံတင်မဟုတ်ဘဲ ပညာရပ်ကပေးမယ့် အကြောင်းအရာတွေကိုပါ သေချာ လေ့လာပြင်ဆင်သွားစေလိုပါတယ်။
▣ စာလည်း အတော်ရှည်သွားပြီဖြစ်လို့ ဒီလောက်နဲ့ ရပ်နားခွင့်ပြုပါ။ နောက်ထပ် အချိန်လေးရရင် ရသလို နိုင်ငံတကာ ပညာရေးဆိုင်ရာ ဗဟုသုတတွေကို ကျွန်တော်လေ့လာသိထားသလောက်လေး မျှဝေပေးနိုင်ဖို့ ဆက်လက်ကြိုးစားသွားပါဉီးမယ်ခင်ဗျာ။
လေးစားမှုဖြင့်
Zaw Hlaing Tun@Ko Zaw